Friday, July 5, 2013

ဇဝေဇ၀ါ

မွန်းကြပ်မှု့နေ့ရက်တွေမှာ
ခံစားချက်တွေကို အဖော်ပြု
သက်ပြင်မောတွေနဲ့ ၀ိုင်းဖွဲ့ရင်း
နေ့ရက်ရွက်ကြွေတွေမြင်မှ
သြော့့်  ငါ ဘာလဲ ပေါ့

ဖြစ်ချင်တာတွေထက်
ဖြစ်သင့်တာတွေပဲ လုပ်ခဲ့ရလို့
ဘာဖြစ်ချင်တယ် ဆိုတာတောင်
မသိတော့ဘူးးး

မွေးနေ့တွေရောက်တိုင်း
ခုနှစ်တွေပြောင်းချိန်တိုင်း
ရင်တစ်ခုရဲ့ ဒါဏ်ရာ
သေရာပါမှာလား
လမ်းလျှောက်ရင်း လမ်းပျောက်
ငါ လျှောက်တဲ့ လမ်း
ငါ လျှောက်မဲ့ လမ်း
မှန် လား ၊ မှား လား
ဇဝေဇဝါ ။   ။

                    ဟစ်သူ(သာစည်သား)

Free Thinker ကို ပုံဖော်ကြည့်ခြင်း

Free Thinker ဆိုတာက ဘာသာရေး အယူဝါဒ တခုခုနဲ့ အသေသက်ဆိုင်နေခြင်းမျိုး မဟုတ်တာ။ Free Thinker တယောက်ဟာ အယူဝါဒတွေထဲက အစိတ်အပိုင်း မှန်သမျှကို လက်မခံအားလုံးလိုက်ပယ်နေတာ မဟုတ်ပါ။ တန်ဖိုးရှိတယ်လို့ သိတဲ့ အပိုင်းကို လက်ခံပြီး တန်ဖိုးမရှိဘူးလို့ သိတဲ့ အပိုင်းကို ပစ်ပယ်တာပါ။ 

အသိပညာကို ချစ်မြတ်နိုးတဲ့သူဆိုရင် ဘာသာရေးတွေအပြင် ဘာသာရေး မဟုတ်တဲ့ အယူအဆတွေထဲကပါ သင့်တော်ရာကိုလက်ခံ၊ သင့်တော်ဘူးလို့ ထင်တာကို ပစ်ပယ်ပါလိမ့်မယ်။ Free thinker ဆိုတဲ့ စကားလုံးအတိုင်း သူ့ ရွေးချယ်မှုမရွေးချယ်မှု လက်ခံတဲ့အရာ၊ လက်မခံတဲ့ အရာတွေက အများနဲ့ မတူတောဲ့ သူက individualist တယောက် ဖြစ်နေလိမ့်မယ်။ အသိပညာမှန်သမျှကို ချစ်မြတ်နိုးပြီး အယူဝါဒတွေ အားလုံးကို tool တခုခု အဖြစ်ပဲ သဘောထားတဲ့သူတွေကို Free Thinker လို့ ဆိုချင်ပါတယ်။ ဘယ်အချိန်မှာ ဘယ် tool ကိုသုံးမယ်ဆိုတာကို မိမိဘာသာ ဆုံးဖြတ်ရတဲ့အတွက် ဘဝက စိတ်ဝင်စားစရာ ကောင်းလာမယ်။ အနုပညာ တရပ်လိုဖြစ်လာမယ်။ ဘာသာရေးတွေရဲ့ အယူအဆတွေဟာ ဘာသာရေး တခုထဲမှာတင် တခုနဲ့ တခု ချိတ်ဆက်ထားတာ မဟုတ်တဲ့အတွက် တပိုင်းကို လက်ခံတာနဲ့ ကျန်တဲ့အပိုင်းကို လက်ခံလိုက်စရာမလို သလို တပိုင်းကို ပယ်တာနဲ့ နောက်တပိုင်းကို လိုက်ပယ်စရာ မလိုပါဘူး။ အသုံးဝင်မယ့် အပိုင်းကို ရွေးချယ် အသုံးချယုံပါပဲ။
Free thinker ဟာ စဉ်းစားစရာတွေနဲ့ပဲ ပျော်မွေ့နေလိမ့်မယ်။ မေးခွန်းတွေကို သေသည်အထိ ဆက်တိုက် ထုတ်ရင်း တတ်နိုင်သမျှ အသိဥာဏ်ဘောင်ကို ချဲ့သွားလိမ့်မယ်။
Free thinker တယောက်မှာ တခုခုကို အသေတိုက်ခိုက်စရာ တခုခုကို အသေကာကွယ်ပေးစရာ မရှိတော့ပါဘူး အယူအဆ တခုခုမှာ သူမကြိုက်တာတွေ့ရင် rational arguments တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ချင် ဝေဖန်ပါလိမ့်မယ်။ ဒါပေမဲ့ Free thinker တယောက်ဟာ ဘယ်အယူအဆကိုမှ အသားလွတ် ပုတ်ခတ်မှာ မဟုတ်ပါ။ 
သူအသိပညာလို့ ထင်တဲ့အပိုင်းတွေကိုတော့ဘယ်ဘာသာ ဘယ်အယူအဆထဲမှာ ပါနေနေ မြတ်နိုးလိမ့်မယ်။ Free Thinker ဆိုတာ ဘယ်ဘာသာရေးနဲ့မှ ဆိုင်မနေနဲ့အတွက် ကိုယ့်ကဗျာကို ကိုယ်စပ်ရတဲ့သူ။ ကိုယ့်စာအုပ်ကို ကိုယ်ရေးနေတဲ့သူ။ ကိုယ့်ဘဝနေနည်းကို ဖြတ်ညှပ်ကပ်ပြီးတောတဖုံ၊ စဉ်းစားဆင်ခြင်ခြင်းအားဖြင့်ပါ တည်ဆောက်နေတဲ့သူ။
Free Thinker တယောက်ဟာ ဘာသာရေး ထဲက ပုံပြင်လိုလို ဟာတွေကိုတော့ တကယ့်အဖြစ်အပျက်လို့  ယုံနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ့ ပုံပြင် ကိုတော့ အသုံးမကျတဲ့ဟာ အဖြစ် မမြင်ဘဲ တန်ဖိုးရှိတာ အဖြစ်မြင်မယ်။ Surrealism အနုပညာ တရပ်အဖြစ် မြင်ချင်လည်း မြင်မယ်။ ပြီးရင် အကောင်းဘက်ကရော အဆိုးဘက်ကရောသုံးသပ်မယ်။ 
ဥပမာ ဝေသန္တရာဇာတ်တော်ကို ဆိုရင် ပါရမီဖြည့်တဲ့နေရာမှာ အယုတ်အလတ်အမြတ် ရွေးမနေဲ လှူရမယ်။ ကိုယ့်ရဲ့ ဒါနပါရမီ (ဒါမှမဟုတ် တခြားပါရမီတွေ ဖြည့်မှုဟာ) တခြားပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်ကို မူတည်မနေဘဲ (ဥပမာ...သူကောင်းမှ ကိုယ်ပြန်ကောင်းမှာမျိုး၊ သူတော်ကောင်းကိုမှ လှူမယ့်ဟာမျိုး မဟုတ်တော့ဘဲ) သူကောင်းကောင်း မကောင်းကောင်း ဘယ်သူ့ကိုမဆို ကိုယ်ကောင်းမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးရအောင် လေ့ကျင့်ဖို့ သင်ခန်းစာ ပေးတာလို့ မြင်တယ်။ နောက်ပြီးတော့ ပါရမီဖြည့်သူဟာ ဘာကိုမှ တပ်မက်စွဲလမ်းမနေဖို့ လိုတယ်လို့ သင်ခန်းစာ ပေးချင်တာလို့ မြင်တယ်။ မဟာဇနက ဇာတ်ဆိုလည်း မဆိုင်တဲ့နတ်တွေဆီ ရှိခိုးမနေဘဲ လက်တွေ့ကျကျ လုပ်ရင် အောင်မြင်တယ်ဆိုတာရယ်၊ ဇွဲဆိုတာ အဆုံးစွန်ထိ အဲလိုရှိရတယ် ဆိုတာမျိုးရယ်ကို နိမိတ်ပုံနဲ့ သင်ခန်းစာပေးတယ်လိုမြင်တယ်။ တဘက်မှာလည်း အကောင်းချည်းတော့ မြင်မှာ မဟုတ်ပါဘူး။ ပုံပြင်တွေရဲ့ ပျော့ကွက်တွေကို လည်း စဉ်းစားမှာပဲ။ ဝေသန္တရာဇာတ်မှာဆိုရင် အရင်ခေတ်က လူတွေက သားသမီးကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး ရက်ရက်စက်စက် လှူလိုက်တယ်၊ ယဇ်ပူဇော်ပုံ ဆန်ဆန်လုပ်လိုက်တယ်လို့ မြင်မယ်။ အဲဒါကလည်း အဲဒီ့ခေတ်ရဲ့ စံနဲ့တော့ ရက်စက်မှု မမည်လောက်ဘူး။ ခုခေတ်စံနဲ့ ဆိုရင်တော့ Human trafficking တွေ child rights တွေနှဲ့ ငြိနေတယ်။ အဲဒီလို ပုံပြင်တွေကို လေ့လာခြင်းအားဖြင့် အဲဒီ့ခေတ်က စံနှုန်းတွေရယ်၊ စံနှုန်းတွေ evolution ဖြစ်လာပုံရယ်ကို မြင်လာလိမ့်မယ်။ ပုံပြင်တွေ ဖြစ်ပါစေ ဦးတော့ ဘယ်ဘက်က သုံးသပ်သုံးသပ် ကိုယ့်အတွက် စဉ်းစားတွေးခေါ်စရာ ရတာက အမြတ်မို့လား။  ဒါပေမဲ့ တဘက်မှာ ပုံပြင်တွေ၊ ပုံပြင်ထဲက ငရဲတွေကို တကယ့်အဖြစ်အပျက်တွေ သဖွယ် သူ့ကို တရားသေးကြီး ပြောလာရင်တော့ ပြုံးနေပါလိမ့်မယ်။
ပုံပြင်ကို တကယ်ထင်ပြီး လုံးဝ ဖောက်ထွက်မတွေးနိုင်အောင် မဝေဖန်ရလောက်အောင် ပိတ်မိနေယုံနေရင်လည်း Free Thinker မဟုတ်နိုင်သလို တဘက်မှာ မင်းတို့ ပုံပြင်ကြီးက ယုတ္တိမရှိဘူးဆိုတာနဲ့လောက်တင် ရပ်နေရင်လည်း Free Thinker ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီမှာ မဟုတ်ပါဘူး။
Free Thinker တယောက်ဟာ ဘာသာရေးတွေ၊ အယူအဆတွေ ဆီကနေ အသိပညာတွေရတဲ့အတွက် ဆရာဆိုတာတော့ ရှိယ်။ ဆရာတယောက်တော့ မကတဲ့ သဘောပေါ့။ ဒါပေမဲ့ ဆရာပြောသမျှ ခေါင်းငြိမ့်နေမှာ မဟုတ်ဘဲ ဆရာရဲ့ ဟာကွက်ကိုလည်း ရှာနေလိမ့်မယ်။
Free Thinker တယောက်အတွက် ဘယ်လိုစာမျိုးကမှ အဆိပ်မဟုတ်ဘူး။ စာတွေ အယူအဆတွေကို မစဉ်းစားဘဲနဲ့ အလွယ်တကူ လက်ခံလိုက်မှာ မဟုတ်တဲ့အတွက် ဘယ်စာကမှ သူ့ကို အဆိပ်မသင့်စေဘူး။
Free Thinker တယောက်ဟာ ဘာသာရေးတိုင်းကို အထိုက်အလျောက် လေးစားလိမ့်မယ်။ ဒါပေမဲ့ သူရဲ့လေးစားမှုဟာ ဘာသာရေးတွေကို ဝေဖန်ခြင်း၊ မဝေဖန်ခြင်းနဲ့တော့ သက်ဆိုင်မှာ မဟုတ်ဘူး။ ဘာသာရေး အယူအဆ တခုခုဟာ အမှန်တရား ရှာဖွေမှု လမ်းမမှာ လာပြီး ပိတ်ဆို့နေရင်၊ သိပ္ပံနယ်ပယ်ကို ကျူးကျော်လာရင် Free Thinker တယောက်ဟာ ဝေဖန်မှာပဲ ဖြစ်ပါတယ်။ ဝေဖန်ပေမဲ့ ဘာသာရေးတွေကို ဘယ်တော့မှ အသားလွတ် ပုတ်ခတ်ဆဲဆိုမှာ မဟုတ်ပါဘူး။
Free thinker တယောက်ဟာ ဘာသာရေးနဲ့ ပတ်သတ်ရင်သာ အတွေးအခေါ် လွတ်လပ်ပွင့်လင်းတာ မဟုတ်ပါဘူး။ နိုင်ငံရေး အတွေးအခေါ်တွေ၊ အနုပညာနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်တွေ အပါအဝင် နေရာအားလုံးမှာ လွတ်လွတ်လပ်လပ် တွေးတောနိုင်သူ ဖြစ်ရမယ်လို့ မြင်ပါတယ်။ အနုပညာရပ်နဲ့ ဥပမာပေးရရင် အနုပညာနဲ့ ပတ်သတ်လာရင် အနုပညာဝါဒ အားလုံးကို အသုံးချစရာ tool တွေ အဖြစ်ပဲ မြင်ပါလိမ့်မယ်။ ဂန္ထဝင်ပုံစံမှ အနုပညာ ဆိုတာမျိုး၊ မော်ဒန်၊ ပို့စ်မော်ဒန် မှ အနုပညာဆိုတာမျိုး ဘောင်ခတ်နေမှာ မဟုတ်ပါ။ အနုပညာမြောက်ရေးအတွက် နည်းစနစ်အမျိုးမျိုး၊ tool အမျိုးမျိုးကို ဖန်တီးသူ ပိုင်နိုင်သလို အဆင်ပြေသလို အသုံးချဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ ဂန္ထဝင်နည်းစနစ်လည်း ဖြစ်ချင်ဖြစ်မယ်၊ surrealism ဖြစ်ချင်ဖြစ်မယ်။ tool တွေ အမျိုးမျိုးပေါင်းစပ်ပြီး ဖန်တီးထားတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိကက ဖတ်ရှုသူ ခံစားသူရဲ့ စိတ်မှာ အနုပညာမြောက်သွားရင် အနုပညာလို့ သတ်မှတ်လိုက်တာပါပဲ။ 
တချို့တွေ ပြောသလို အနုပညာကိုမှ မခံစားတတ်ရင် လူမဟုတ်တော့ သလိုလို၊ အနုပညာ မခံစားတတ်တဲ့သူနဲ့ စကားမပြောချင်သလိုလိုတွေလည်း Free thinker တယောက်မှာ မရှိပါ။ အဲလို ရှုထောင့် တခုတည်းကိုကြည့်ပြီး လူတယောက်ကို တန်ဖိုးဖြတ်သူတွေဟာလည်း ဘာသာရေးအစွန်းသမားတွေနဲ့ အတူတူပါပဲ။ ငါတို့ ကိုးကွယ်တာ ငါတို့ မြတ်နိုးတာကို မင်းတို့ မကိုးကွယ် မင်းတို့ မမြတ်နိုးဘူးဆိုရင် မှားနေတယ်လို့ တဘက်သတ် စွပ်စွဲနေတာနဲ့ အတူတူပါပဲ။ Free thinker တယောက်ဟာ ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို သူများက ချစ်မြတ်နိုးခြင်း မရှိလည်း လက်ခံနိုင်ပါတယ်။ လူတယောက်ကို ဘာသာရေးတခုတည်း၊ အနုပညာ တခုတည်းကို ကြည့်ပြီး ဘယ်တော့မှ တန်ဖိုးဖြတ်မှာ မဟုတ်ပါ။ Free Thinker တယောက်မှာ လူမျိုးရေးအရခွဲခြားဆက်ဆံခြင်း၊ ဒေသစွဲအရ ခွဲခြားဆက်ဆံခြင်းတွေလည်း ရှိမှာ မဟုတ်ပါ။ Free thinker လူကိုလူအဖြစ်ပဲ မြင်ပါလိမ့်မယ်။ 
Free thinker ဆိုပေမဲ့ အနုအရင့် တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ အယူအဆ အသေးစိတ်တွေလည်း တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ တဘက်မှာ Free thinker ဆိုတာဟာ အတွေးအခေါ်တွေ relatively free ဖြစ်လို့သာ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ လောကမှာ အဆုံးစွန်ထိ လွတ်လွတ်လပ်လပ် တွေးခေါ်ကျင့်သုံးခွင့်ကတော့ ဘယ်တော့မှ ရမှာမဟုတ်တာကို နားလည်ပါတယ်။ (ဥပမာ… society ရဲ့ လွှမ်းမိုးမှုကိုလည်း တချို့နေရာတွေမှာ ခံရမှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ ရှေးရိုးစွဲ အတွေးအခေါ်တွေ၊ society မှာ အရိုးစွဲနေတဲ့ အယူအဆတွေထဲကနေ ဖောက်ထွက်ပါလိမ့်မယ်။) ပုံသေ မရှိနိုင်ပါ။ တယောက်နဲ့ တယောက်လည်း မတူနိုင်ပါ။ Free thinker ဆိုတာမှာ လွတ်လပ်စွာ တွေးခေါ်သူကိုပဲ ဆိုလိုတာပါ။ Free ဖြစ်ခြင်းနဲ့ မှန်ခြင်းမှားခြင်းကလည်း မသက်ဆိုင်ပါ။ လွတ်လွတ်လပ်လပ် ဆုံးဖြတ်တွေးခေါ်ရတဲ့အတွက် တချို့နေရာတွေမှာ free thinker က မှားသွားနိုင်ပြီး free thinker မဟုတ်သူက မှန်ချင်မှန်နေပါမယ်။ ဒါပေမဲ့ free thinker မဟုတ်သူရဲ့ အမှန်အမှားဟာ သိမြင်လို့ မှန်ခြင်းမှားခြင်းမျိုး မဟုတ်ဘဲ အယူဝါဒတွေကို အသေလိုက်နာရာက ဖြစ်လာတာမို့ ပညာမတိုးနိုင်ပါ။ Free thinker ကတော့ လွတ်လပ်စွာတွေးခေါ်နေသူ ဖြစ်တဲ့အတွက် ရှေ့ကို ခြေလှမ်းနေပါတယ်။
ဘာသာရေးတွေကို ယုံကြည်သူတွေ အပေါ်မှာ free thinker တယောက်အနေနဲ့ အမြင်က…သူတို့လည်း သူတို့အတွက် အကျိုးရှိမယ် ထင်တဲ့ tool ကို သုံးနေတယ်လို့ သဘောထားတဲ့အတွက် အပြစ်ပြောစရာ မရှိပါ။ ဘာသာရေးကြောင့် စိတ်ကောင်းမွေးနိုင်သူတွေကို တွေ့ရတဲ့အခါ ဝမ်းသာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စည်းကိုကျော်လာပြီး တခြားလူကို သူတို့လက်ခံထားတဲ့ အယူအဆတွေနဲ့ လာတိုင်းရင်တော့ မကြိုက်ပါ။ ဘာသာရေးအတွက် ရန်ဖြစ်ကြတာ၊ ခွဲခြားဆက်ဆံတာ၊ မီးများမီးနိုင်…ရေများရေနိုင်ဝါဒနဲ့ အနိုင်ကျင့်ကြတာကိုလည်း မနှစ်မြို့ပါ။  
လွတ်လပ်စွာတွေးခေါ်မှုနဲ့ ပတ်သတ်ပြီး ကာလာမသုတ် ဟာ တော်တော်နာမည်ကြီးပါတယ်။ အကျဉ်းချုပ်ဖော်ပြရရင် “ပြောသံကြားရုံနဲ့ အတည်မယူနဲ့။ အစဉ်အဆက်စကားဖြစ်ရုံ၊ စာအုပ်ထဲမှာ ပါရုံ၊ ကြံဆတွေးတောလို့ရရုံ၊ ဆရာသမားစကားဖြစ်ရုံ တွေနဲ့ အတည်မယူနဲ့၊ မိမိကိုယ်တိုင် သိအောင်ကြိုးစား” ဆိုတဲ့ သဘောမျိုးနဲ့ အများက ပြောတတ်ကြပါတယ်။ ကျနော်စံထားချင်တဲ့ Free thinker ဆိုတာဟာ ကာလာမသုတ်ကိုတောင် ကာလာမသုတ်နဲ့ ပြန်သုံးသပ်မယ့်သူမျိုးပါ။ ဘယ်လောက်အတိုင်းအတာအထိ ကာလာမသုတ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ မှန်ကန်သလဲ၊ အဲဒါကို လက်ကိုင်ထားရင် ကောင်းကျိုးဆိုးကျိုးတွေ ဘယ်လိုရှိမလဲ ဆိုတာကအစ ပြန်သုံးသပ်မယ့် free thinker မျိုးပါ။ ကာလာမသုတ်ကို တချို့လူတွေ အဓိပ္ပါယ်ဖွင့်သလို “ကိုယ်တိုင်သိမှ သေချာယုံရမယ်” ဆိုတာကိုလည်း နေရာတကာမှာ လက်ကိုင်ထားဖို့ လိုမှာ မဟုတ်ပါ။ စကားကပ်ပြောသူတွေနဲ့ ကြုံရတတ်ပါတယ်။ လျှပ်စစ်ဓာတ်ကို လက်ခံခြင်းမျိုး၊ လပေါ်ကို လူရောက်တယ်ဆိုတာကို လက်ခံခြင်းမျိုး၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံကြောင်း ပြောရင် “မင်းကိုယ်တိုင် သိတာလား၊ မင်းကိုယ်တိုင် စမ်းသပ်တာလား” ဆိုပြီး ပြန်မေးတာ မျိုးနဲ့ ကြုံရတတ်ပါတယ်။ စာအုပ်တွေထဲက ဘာသာရေးတွေ၊ စာအုပ်တွေထဲက သမိုင်းတွေကို မျက်စေ့မှိတ် လက်ခံခြင်းမျိုးနဲ့၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံခြင်းမျိုးက မတူပါ။ သိပ္ပံစမ်းသပ်ချက်တွေဟာ တိကျတဲ့ စည်းမျဉ်းတွေနဲ့ အကြိမ်ကြိမ် အစမ်းသပ်ခံပြီးသားမို့၊ တိကျတဲ့ စနစ်တွေကို ဖြတ်သန်းလာပြီးသားမို့ အဲဒါတွေကို လက်ခံခြင်းနဲ့ ဘာသာရေးတွေ တချို့သမိုင်းတွေထဲက ဒဏ္ဍာရီတွေကို လက်ခံခြင်းမျိုးက လုံးဝမတူနိုင်ပါ။ 
Free thinker တယောက်ဟာ သိပ္ပံတွေ၊ logic တွေကို လက်ခံတယ်ဆိုပေမဲ့ သိပ္ပံတွေ၊ လောဂျစ်တွေရဲ့ ဘောင်ခတ်ထားခံရတဲ့ ရုပ်ဝါဒီ တယောက်တော့ မဟုတ်ပါ။ အနုပညာတွေကို ချစ်မြတ်နိုးသလို၊ လူသားတွေ ကောင်းကျိုး..ပိုကျယ်ပြန့်လာရင်တော့ လောကကောင်းကျိုးကို ဖြစ်ပေါ်စေမယ့် အရာမှန်သမျှကို တန်ဖိုးထားပါတယ်။ Free thinker တယောက်ဟာ ကိုယ်ချင်းစာတရား+သိပ္ပံ+လောဂျစ်+လူမှုရေးတွေကို လက်ကိုင်ထားပြီး ဟန်ချက်ညီညီ အသုံးချနိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘဝမှာ ပုံသေမဟုတ်တဲ့ လောကဓံတွေ၊ ပုံသေမဟုတ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ပုံသေနည်းတွေ၊ ပုံသေနီတိတွေတော့ အဆင်သင့် မရှိနိုင်ပါ။ စမ်းတဝါးဝါးနဲ့ပဲ တတ်နိုင်သမျှ ခရီးသွားရမှာ ဖြစ်ပါတယ်။ 
အပေါ်မှာ ကျနော်ရေးခဲ့တာတွေ အားလုံးကို ကျနော် အမြဲလက်ခံကျင့်သုံးနေနိုင်ပြီလို့ မဆိုလိုပါ။ ကျနော် ထားရှိတဲ့ စံတွေ ဖြစ်ပြီး အဲဒီ့အတိုင်း တတ်နိုင်သမျှ ကျင့်သုံးနေထိုင် ဖို့တော့ အမြဲ ကြိုးစားပါတယ်။ အမြဲလည်း ကြိုးစားနေမှလည်း ဖြစ်မယ့်အရာပါ။  (by ကောင်းကင်ကို)

“ သူ့မှာတမ်း “

 
သူတို့ အဆုတ် ၊ ထားခဲ့မြုပ်သည့်
ဗုံးငုတ် တိုက်မှား ၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းသည်း ။

“အမောင်ပြောက်ကျား ၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း ။”

“ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ ။”

“အမောင်ပြောက်ကျား ၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း ။”

“မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။”

“အမောင်ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့လိုသနည်း ။”

“ခရီးမတ်တတ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ၊ ခွာရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ ။”

ယမ်းငွေ့ အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား ။    ။

                               ( ဆရာ မင်းသုဝဏ် )

ဘုန်းကြီးနဲ့ နိုင်ငံရေး

ဘုန်းကြီးနဲ့ နိုင်ငံရေး ကျနော့်အတွေးတွေကို ချရေးဖြစ်ခဲ့တဲ့ comment တခုပါ။ ကြေးနီတောင် ကိစ္စက သမိုင်းဝင် လယ်တီဆရာတော်ရဲ့ နေရာတွေနဲ့ ပတ်သတ်နေတော့ ဆန္ဒပြရမှာပါပဲ။ ဒီတော့ အပြစ်တင်စရာ မရှိပါဘူး။ အဲလိုမှ မဟုတ်ဘဲ နိုင်ငံရေးဆိုလည်း ကမ္ဘာမှာ ဒလိုင်းလားမားတို့က အစ နိုင်ငံရေး လုပ်နေတာတွေ ရှိပါတယ်။ သမိုင်းမှာလည်း ဆရာတော် ဦးဥတ္တမတို့၊ ဦးဝိစာရတို့ အပါအဝင် နိုင်ငံရေး လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ တချို့က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်ဘူး ဆိုတာကို ကိုးကားပြီး ဘုန်းကြီးနဲ့ နိုင်ငံရေး ကင်းကင်းနေသင့်ကြောင့် ပြောကြတာတွေ ရှိပါတယ်။ ဝိနည်းတွေကို ကိုးကားပြီး နှစ်ဘက် အပြန်အလှန် ဆွေးနွေးကြတာမျိုးတွေလည်း ရှိပါတယ်။ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ရင်တော့ ဘုန်းကြီးတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ဘယ်သူမှ ပိတ်ပင်တားဆီးခွင့် မရှိဘူးလို့ ထင်ပါတယ်။

 တခုရှိတာက ကျနော်တို့ နိုင်ငံက နိုင်ငံသားတွေ နိုင်ငံသားဟောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင် အများစုက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တဲ့အခါမှာ ဖြစ်စေ၊ တခြားနေရာမှာ ဖြစ်စေ လူတယောက်ယောက်နဲ့ ဘုန်းကြီးတပါးပါး သဘောထားကွဲလွဲကြတဲ့အခါမျိုးမှာ ဘယ်သူမှားတယ် မှန်တယ်ကို ယေဘုယျကျကျ မဆန်းစစ်ပဲ ဘုန်းကြီးနဲ့ သဘောထားကွဲတဲ့သူ အမှားလို့ ပြောတတ်ကြတာတွေ ရှိတယ်။ (အကုန်လုံးတော့ မဟုတ်ပါဘူး) နောက်တခုက ဆန္ဒပြလို့ လူတွေ ဘယ်လောက် သေသေ လူမထင်ကြဘူး။ ဂရုမစိုက်ကြဘူး။ ဘုန်းကြီးတခုခုဖြစ်မှ (အစိုးရရော၊ အတိုက်အခံရော၊ လူထုပါ) များသောအားဖြင့် ဂရုစိုက်ကြ တုန်လှုပ်ကြတယ်။ (ဒါတောင် အကုန်မဟုတ်ဘူးနော်။ တချို့က ဘုန်းကြီးဒဏ်ရာရလည်း မတုန်လှုပ်သေးတာတွေ ရှိတယ်။) လူတွေခံရလို့ကတော့ ဘယ်လောက်သေသေ မလှုပ်ကြဘူးဗျ။ ဒီတော့ လယ်အသိမ်းခံရတဲ့လူတွေအနေနဲ့၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ ကြောက်တဲ့ သူတွေအနေနဲ့ သူတို့ဆန္ဒပြတာကို အားလုံးက ဂရုစိုက်စေချင်မှာပဲ။ ဒီ့အတွက် ပိုပြီးဂရုစိုက်လာအောင် အဖက်လုပ်လာအောင် အရာသွင်းလာအောင် ဘုန်းကြီးတွေ (ဆိုင်ဆိုင် မဆိုင်ဆိုင်) ဝင်ပါစေချင်မှာပဲ။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တယ် ဆိုတာကလည်း ကမ္ဘာမှာရော မြန်မာ့သမိုင်း အစဉ်အဆက်မှာပါ ရှိခဲ့တော့ အခုကျမှ လာတားမယ် ဆိုတာလည်း သဘာဝ မကျဘူး။
တကယ်တော့ ဘုန်းကြီး မလုပ်သင့်ဘူးလို့ ပိတ်ပင်မယ့် အစား ဘုန်းကြီးနိုင်ငံရေးလုပ်လာပြီ ဆိုရင်တော့ ဘုန်းကြီးကို နိုင်ငံရေးသမားလိုပဲ မြင်သင့်တယ်။ ဆက်ဆံသင့်တယ်။ (ဒါပေမဲ့ ဘာသာရေးအရ ရှိခိုးတာတို့ ယဉ်ကျေးမှုအရ ရှိခိုးတာတော့ တော့ ရှိမှာပေါ့။ အဲလို ဗုဒ္ဓဘာသာဝင်တွေက ရှိခိုးကြသလို တဘက်မှာလည်း ဘုန်းကြီး နိုင်ငံရေးအရမှားရင် ဝေဖန်တာလည်း ရှိရမှာပဲ။) မှားရင် ဝေဖန်ရမယ်။ အစွန်းရောက်တာတွေ လုပ်တဲ့အခါ လူနဲ့မခြား အရေးယူသင့်ရင် ယူရမယ်။ အဲဒါတွေကို မခံနိုင်ရင်တော့ မခံနိုင်တဲ့ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်နဲ့ပေါ့။ လူတွေလည်း နိုင်ငံရေးလုပ်တာချင်း အတူတူမှာ ဘုန်းကြီးကိုကွက်ပြီး ပစားပေးတာမျိုး၊ သဘောထားကွဲတဲ့အခါ ဘုန်းကြီးလုပ်သမျှသာလျှင် အမှန်၊ သာမန်လူလုပ်သမျှအမှား ဆိုတဲ့ သဘောထားမျိုး မရှိအောင်တော့ ရှောင်သင့်တယ်။ အဲလိုမဟုတ်ဘဲ ဘုန်းကြီးဆိုပြီး ဘက်လိုက်ရင်တော့ ရေရှည်မှာ ပြဿနာတွေ တန်းစီပေါ်နိုင်တယ်။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် နိုင်ငံရေးလုပ်တဲ့အခါ ဘက်မလိုက်ပဲ အစွဲကင်းကင်းနဲ့ မျှမျှတတ ဝေဖန်ကြမယ် သဘောထားကြမယ် ဆိုရင်တော့ ဘုန်းကြီး နိုင်ငံရေးလုပ်လို့ ဘာပြဿနာမှ မပေါ်နိုင်ပါ။
နောက်တခု ရှိတာက နိုင်ငံရေး ဆိုတာက ကျယ်ပြန့်တဲ့ အတွက် အဲဒီ့အောက်မှာ အကြောင်းအရာ ပေါင်းစုံ ပါဝင်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့အရေးတွေ၊ လူထုအကျိုးပြု လုပ်ငန်းတွေလည်း ပါဝင်နေတာမို့ အဲဒီလို ကိစ္စရပ်တွေမှာ ဘုန်းကြီးတွေလည်း ပါဝင်ခွင့် ရသင့်ပါတယ်။
ဘုန်းကြီးတွေလည်း နိုင်ငံသားတွေပဲမို့ မဲပေးခွင့်ရသင့်ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာလို ဘုန်းကြီးတွေ အာဏာယူမယ့်အထိ၊ လွှတ်တော်ထဲ ဝင်မယ့် အဆင့်အထိ ဆိုရင်တော့ စစ်တပ်လိုပဲ ဘုန်းကြီးတွေလည်း ပါတီထောင်ခွင့် မရှိသင့်ပါ။ လွှတ်တော်ထဲဝင်ခွင့် မရသင့်ပါ။ အဲဒီ့လောက်အထိ လုပ်ချင်ရင်တော့ ပြတ်ပြတ်သားသား လူထွက်သင့်တယ် ထင်ပါတယ်။
ကောင်းကင်ကို (၁၄.၁၂.၂၀၁၂)

တို့တိုင်းပြည်


ထလော့မြန်မာ၊ အို မြန်မာတို့

တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်

စေတီစပါး များလည်းများ၏

များပါလေလည်းတမွဲမွဲနှင့်၊

ဆင်းရဲကာသာ၊ ကာလကြာလျှင်

ယာစကာမျိုး၊ တညှိးညှိးနှင့်

ပုထိုးမြင့်မောင်း၊ ကျောင်းကျိုကျောင်းကြား

လှည့်လည်သွားလျှက်၊ မစားလေရ

ဝမ်းမ၀၍၊ဆွမ်းမျှမတင်နိုင်ရှိမည်တည်း။

ထလော့မြန်မာ၊ အို မြန်မာတို့

တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်

ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်

သီးနှံချိုပျား၊ များလည်းများ၏

များပါလေလည်း၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

မြင်သာမြင်ရ၊ မစားရ၍

တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာ ထလော့

အားမပျော့နှင့်၊ မလျှော့လုံ့လ

သူကစ၍၊ ငါကအားလုံး

လက်ရုံးများမြောင်၊ ညဏ်များမြောင်နှင့်

စွမ်းဆောင်ကြလော့၊ ဆောင်ကြလေလော့

ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ

ဤယာစပါး၊ ဘယ်သူ့စပါးလဲ

ထားလော့တာဝန်၊ပွန်လော့လုပ်ငန်း


ညဏ်ရှေ့ပန်း၍ တစ်ဝမ်းတစ်စိတ်ညီစေသတည်း။

                                                         ဇော်ဂျီ

အိပ်မက်ထဲက ခေါင်းဆောင်း


ဂန္ဒီ ၇၆နှစ်၊ ဟို..၅၅နှစ်တို့နဲ့ ရင်ဘောင်တန်းလို့

တို့နိုင်ငံရဲ့ ဟီးရိုးလက်တောက် ဗိုလ်ချုပ်အောင်ဆန်း

နယ်ချဲ့စနစ်ကို...မီးခိုးကြွက်လျှောက် ပြိုလှုပ်အောင်စွမ်းခဲ့တယ်။

သူ့အဖြူရောင်သန့်သန့်အချစ်တွေကို

အမဲရောင်အောက်ခံခေတ်မှာ

ထင်ဟပ်ကြည့်ခွင့်ရတော့

သမိုင်းတစ်ခုဟာ ရင်သပ်ရှုမော။

ကွာတယ်...မိုးနဲ့မြေလိုကွာတယ်

ကွာတယ်...သူခိုးနဲ့ အဖေ လို ကွာတယ်

တံတွေးခွက်ထဲမှာမျှောရင်း

သွေးကွက်ထဲမှာ တောနင်းလို့

သိုက်တူးနေကြတဲ့ သူတွေကြားမှာ

ဝထ္တုဇာတ်ကောင်ဆန်ဆန်

ငါးမူးတန်းကနေ ရုပ်ရှင်ကြည့်ခဲ့တဲ့ သူ့ကိုလွမ်းတယ်။

မထူးဆန်းပေမဲ့ ထူးဆန်းတယ်

သူ့ကြောင့်လွတ်လပ်သွားခဲ့ဖူးတဲ့နိုင်ငံမှာ

သူ့ ပုံကားချပ်တွေ လိုက်ဝေတာဟာ

စွန့်စားပြီး လုပ်ရတဲ့ အလုပ်တဲ့။

မထူးဆန်းပေမဲ့ ထူးဆန်းတယ်

အာဇာနည်နေ့မှာ

အာဇာနည်တယောက်ပုံပါတဲ့ အင်္ကျီတွေ

အာဇာနည်ကုန်းပေါ် ၀င်ခွင့်မရခဲ့ဘူး။

သြော်.....

လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ

အဖေ သွေး နဲ့ စိုက်ခဲ့တဲ့ ပန်း

သားတို့ နမ်းခွင့်မရလိုက်ဘူး။ ။

                                      ကောင်းကင်ကို



ကဗျာလေးက အဟောင်းလေးပါ ၊အာဇာနည်နေ့ အတွက် အမှတ်တရ ရေးတင်လိုက်တာ။ ကြိုက်မယ် ထင်ပါတယ်၊ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက ကြိုက်ခဲ့တာလေးပါ။


ဟစ်သူ ~ ~ ~

ရွှေအိုင်ဒီယာများ



စာအုပ်ထဲက ယဉ်ကျေးမှု့တွေကိုအိပ်မက်ဖို့

ပန်းဦးဆက်ဓလေ့ကို အသက်သွင်းမယ်။

ယဉ်ကျေးမှုထိန်းသိမ်းရေး ဆရာမကြီးတအုပ်

ဘယ်သူတွေ သတို့သမီး လုပ်မလဲ?

မြစ်ဆုံ....ရိုဟင်ဂျာနဲ့ရေပိုင်
နက်

ငါတို့ သည်းခြေပျက်နေရပေါ့။

ဒါ့ကြောင့်

တ၀မ်းပူ၊ ဘကုန်း

အက္ခရာ ၃၃ လုံးထဲမှာ အသေမုန်းတယ်။

လျှပ်စစ် စာမျက်နှာပေါ်မှာ တောက်တစ်ချက်ခေါက်

ဦးနှောက်ထဲမှာ အကြံညဏ်

ဟုန်းဟုန်း တောက်တယ်။

ကွန်ဖြူးရှပ်ရဲ့ အဆုံးအမတရားတွေရယ်

တဂိုးရဲ့ ကဗျာ စာအုပ်တွေရယ်ကို

မီးရှို့ပစ်ရမယ်။ ။

      
                          ကောင်းကင်ကို